Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သီးနှံများပိုမိုထွက်၍ တောင်သူတွေဝင်ငွေတိုးနေပြီ


29 Apr,2024

လယ်ယာကဏ္ဍရင်းနှီးမြှုပ်နှံမှုက အချိန်တိုအတွင်းဝင်ငွေဖြစ်ထွန်းမှု ပိုမိုရရှိစေနိုင်သည်က လက်တွေ့ဆန်လွန်းလှပါသည်။ နွေ၊ မိုး၊ ဆောင်းရာသီမရွေး သီးထပ်သီးညှပ်များ ပိုမိုစိုက်ပျိုးနိုင်ပါက သီးနှံထွက်ကုန်များ ပိုမိုလာမည်ဖြစ်ပေသည်။ လယ်ယာထွက်ကုန်သီးနှံများအထွက်နှုန်းတိုး၍ ပိုမို ထွက်ရှိလာပါက ပြည်သူများစားရေး ဖူလုံပြည့်စုံစေမည့်အပြင် ပိုလျှံသောသီးနှံများအား ပြည်ပသို့ ပိုမိုတင်ပို့နိုင်ခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိနိုင်မည်လည်းဖြစ်ပေသည်။ ခေတ်အဆက်ဆက် တောင်သူ လယ်သမားများအတွက် စိုက်ပျိုးရေးဆိုင်ရာဗဟုသုတများဖြန့်ဝေပေးပြီး စိုက်ပျိုးလုပ်ကိုင်ခဲ့ကြသော် လည်း ဝမ်းစာဖူလုံရေးကိုသာ ကျေနပ်နေသူများလည်းရှိနေကြပါသည်။ စိုက်ပျိုးရေးကဏ္ဍတွင် တောင်သူများ လက်ရှိအနေအထားထက် ပိုမို၍ကြိုးစားဆောင်ရွက်လာစေရန်နှင့် အထွက်နှုန်းတိုး၍ ဝင်ငွေများပိုမိုရရှိလာအောင် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသည့် အစိုးရပိုင်းဆိုင်ရာ ဌာနများအနက်မှ ဝန်ကြီးဌာနတစ်ခုကို ညွှန်းဆိုရလျှင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကို သာ ညွှန်းဆိုချင်ပါသည်။

        “မျိုး၊ မြေ၊ ရေ၊ နည်း” ဟန်ချက်ညီညီ စိုက်ထုတ်ရင်းနှီးထည့်ဝင်ခြင်းဖြင့် နိုင်ငံအတွက် စိုက်ပျိုးရေးကဏ္ဍမှ စီးပွားရေးအညွှန်းကိန်းမြင့်မားနေမည်က ဧကန်မလွဲပါ။ ရေခံ၊ မြေခံကောင်းသော စိုက်ပျိုးမြေ ပိုင်ဆိုင်ခွင့်ရရှိထားသော ကျေးလက်တောင်သူများအနေဖြင့် အရည်အသွေးကောင်းမွန်သော မျိုးကောင်းမျိုးသန့်များသုံးစွဲလာနိုင်ရေး၊ လယ်တစ်ဧကစိုက်တာခြင်းအတူတူ အထွက်နှုန်းတိုးသည့် မျိုးကိုစိုက်ပါက ပန်းတိုင်အထွက်နှုန်းပြည့်မီခြင်း၊ အချို့နေရာများတွင် ယင်းထက်ပိုမိုထွက်ရှိခြင်းများ ကို တောင်သူတွေ လက်ငင်းခံစား‌နေကြရပြီဟု ဆိုချင်ပါသည်။ “တောင်သူများအနေဖြင့် ထွန်ယက် ရမည့်အချိန်၊ စိုက်ပျိုးရမည့်အချိန်၊ ပေါင်းသင်ရမည့်ကာလ၊ သွင်းအားစုထည့်ရမည့်အချိန်၊ ရိတ်သိမ်း ခူးဆွတ်ရမည့် ကာလများကို စနစ်တကျလုပ်ကိုင်ဆောင်ရွက်ကြဖို့” စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမ အသင်းသားတောင်သူများနှင့် တွေ့ဆုံပွဲများ၌ ပြည်ထောင်စုဝန်ကြီးမှ အမြဲမှာကြားဆွေးနွေးမှုများ ပြုခဲ့ခြင်းကြောင့် တောင်သူများက လိုက်နာဆောင်ရွက်လာကြခြင်းနှင့်အတူ လယ်ယာထွက်ကုန်သီးနှံ များအထွက်တိုးလာသည်ကို ကြားသိနေရ၍ တောင်သူကိုယ်စီဝင်ငွေပိုမို ရရှိနေကြပြီလည်းဖြစ်ပါသည်။

        မြေယာပြုပြင်ခြင်း၊ ကောက်စိုက်စက်များဖြင့် စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြွေလှေ့ခြင်းများတွင် ခေတ်မီစက်ကိရိယာများကို အသုံးပြုနိုင်ရေး လယ်ယာဝန်ဆောင်မှုသရုပ်ပြရှင်းလင်းပွဲများတွင် တောင်သူများလိုအပ်သော ခေတ်မီလယ်ယာသုံးစက်ကိရိယာများ ကျယ်ပြန့်စွာ သုံးစွဲနိုင်ရေးနှင့် တောင်သူများ ကိုယ်တိုင်စက်ပိုင်ဖြစ်ရေး ကူညီပံ့ပိုးပေးနေခြင်းများကြောင့်လည်း စိုက်ပျိုးရာသီ အချိန်မီ စိုက်ပျိုးနိုင်ခြင်းနှင့် လေလွင့်မှုနည်းပြီး အချိန်မီရိတ်သိမ်းနိုင်အောင် ဝန်ကြီးဌာနမှ ကြီးကြပ်လမ်းညွှန်မှုပေးခဲ့ခြင်း၏ ရလဒ်ကောင်းကို တောင်သူတွေခံစား၊ စံစားနေကြရပြီဟုသိရှိရ ပါသည်။ သမဝါယမဦးစီးဌာနသည် စိုက်ပျိုးရေး၊ မွေးမြူရေး ကုန်ထုတ် သမဝါယမအသင်းများကို အမှန်တကယ်စိုက်ပျိုး၊ မွေးမြူလိုသူများဖြင့် ပူးပေါင်း ဆောင်ရွက်လိုစိတ်ရှိသူ၊ စုပေါင်းဆောင်ရွက် ခြင်းဖြင့် အကျိုးဖြစ်ထွန်းအောင် ဖော်ဆောင်ပေးနေသည့် သမဝါယမသဘောတရားများကို ယုံကြည် လက်ခံသူများအား အစုအဖွဲ့များစုဖွဲ့ပြီး ပြည်သူလူထုအခြေပြုသမဝါယမအသင်းများဖွဲ့စည်းပေးကာ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ တိုးတက်မြင့်မားလာအောင် ဆောင်ကြဉ်းပေးနေခြင်းကြောင့်လည်း လယ်ယာထွက်ကုန်သီးနှံများ ပိုမိုထွက်ရှိလာနေသည်ဟု ယူဆလို့ရနိုင်ပါသည်။

        တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ကျေးရွာများသို့ ကွင်းဆင်းပြီး ကျေးရွာနေပြည်သူများ၏ လိုအပ်ချက်ကို တတ်စွမ်းသမျှကူညီပံ့ပိုးပေးလျက်ရှိရာ စိုက်ပျိုးရေးအတွက် လိုအပ်သောမျိုး၊ သွင်းအားစုများ အချိန်မီရရှိနိုင်ရေး မိုးစပါးစိုက်ပျိုးပြီးပါက၊ ဆောင်းသီးနှံ/ ဆီထွက်သီးနှံစိုက်ပျိုးနိုင် ရေး၊ ပဲတီစိမ်း/နွေစပါး အချိန်မီစိုက်ပျိုးနိုင်ရေးတို့ကို သမဝါယမအသင်းသားတောင်သူများထံမှ Data အချက်အလက်များရယူပြီး စီစဉ်ဆောင်ရွက်ပေးလျက်ရှိခြင်းကြောင့် သီးနှံများပိုမိုထွက်ရှိ၍ တောင်သူများ ဝင်ငွေပိုမိုရရှိနေကြသည်ဟု ကြားသိရ၍ ဝမ်းသာပီတိဖြစ်မိပါသည်။ (၁-၄-၂၀၂၄) ရက်နေ့တွင် ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည့် “၂၀၂၃-၂၀၂၄ ခုနှစ် ပဲတီစိမ်း၊ နွေစပါး၊ မိုးစပါး စီမံကိန်းဆောင်ရွက်ခဲ့မှုအခြေအနေများအပေါ် အားသာချက်၊ အားနည်းချက်များကို သုံးသပ်အဖြေရှာခြင်းနှင့် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဆောင်ရွက်ဆဲဖြစ်သည့် ဆောင်းသီးနှံ၊ နွေစပါး စီမံကိန်းလုပ်ငန်းနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် ဝါသီးနှံနှင့် မိုးစပါးစီမံကိန်းလုပ်ငန်းများအပေါ် ကြိုတင်စီမံဆောင်ရွက်မည့် အစီအမံများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ ကြောင်း သိရှိရပါသည်။

        အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးမှ“သမဝါယမကဏ္ဍမှ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေရယူပြီး သီးနှံအထွက်တိုးအောင် ဆောင်ရွက်ပေးနေခြင်းကို ယခုထက်ပိုမိုကြိုးစား ဆောင်ရွက်ကြဖို့လိုကြောင်း၊ နွေ၊ မိုး၊ ဆောင်းရာသီအလိုက် သီးံနှံတွေကို စဉ်ဆက် မပြတ် စိုက်ပျိုးနိုင်အောင် Plan ချပြီးလုပ်ဖို့လိုကြောင်း၊ ဈေးကွက်ဝင်သီးနှံများကို စနစ်တကျစိုက်ပျိုးခြင်း ဖြင့် တောင်သူစိတ်ကြိုက်စိုက်ပျိုးနိုင်ရေး ဒို့သမဝါယမက ကူညီပေးသွားရမှာဖြစ်ကြောင်း၊ မျိုးကောင်း မျိုးသန့် အထွက်နှုန်းတိုးတဲ့ မျိုးတွေရရှိနိုင်ရေး၊ လိုအပ်သောသွင်းအားစု ဓါတ်မြေဩဇာ၊ သဘာဝ မြေဩဇာ၊ ဆေးဝါးအမျိုးမျိုးတို့ကို တောင်သူလက်ဝယ် အချိန်မီရောက်ရှိနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ စိုက်နည်းစနစ်နဲ့ပတ်သက်လို့ စိုက်ပျိုးရေးဌာနနှင့် ချိတ်ဆက် ဆောက်ရွက်ကြဖို့၊ ဝန်ထမ်းများအနေနဲ့ ကိုယ်တိုင်သိရှိဆောင်ရွက်ပြီး နည်းပညာများပံ့ပိုးပေးဖို့ စိုက်ပျိုးရေရရှိရေးအတွက် ဆည်မြောင်းဌာနနှင့် ညှိနှိုင်းပေါင်းစပ်ကြဖို့နဲ့ အချို့နေရာများတွင် မြေအောက်ရေအသုံးပြု၍ စိုက်ပျိုးနိုင်ရေးကူညီပေးပြီး ရာသီမရွေးသီးနှံများ စိုက်ပျိုးနိုင်အောင် ဆောင်ရွက်ပေးခြင်းအားဖြင့် လယ်ယာထွက်ကုန်သီးနှံများ ပိုမိုထွက်ရှိလာကာ ကျေးလက်မှာရှိတဲ့ ဒို့ တောင်သူတွေ ဝင်ငွေပိုမိုရရှိလာမှာဖြစ်ကြောင်း၊ အချို့နေရာတွေမှာ ပန်းတိုင် အထွက်နှုန်းပြည့်မီတယ်၊ အချို့နေရာတွေမှာ လျော့နည်းတယ်၊ ဘာကြောင့်ဖြစ်ရတာလဲ စစ်တမ်းကောက်ယူဖို့လိုကြောင်း၊ သွင်းအားစု ထည့်ရမယ့်အချိန်မှာ မထည့်လို့လား၊ လိုအပ်တဲ့ ပမာဏကို  မထည့်လို့လား၊ ရေသွင်းရ မယ့်အချိန်၊ ဖောက်ထုတ်ရမယ့်ကာလမှာ မလုပ်လို့လား၊ ရေကြီးလို့လား၊ သဘာဝဘေးကြောင့်လား ဒါတွေကို စိစစ်ပြီး အားနည်းချက်၊ အားသာချက်တွေကို ဖော်ထုတ်ကာ သီးနှံတွေအထွက်တိုးအောင် ဦးစီးဌာနနှင့် သမဝါယမအသင်းအဆင့်ဆင့်တို့က ပေါင်းစပ်ကူညီဆောင်ရွက်ပေးကြဖို့နဲ့ လက်တွေ့ မြေပြင်ကွင်းဆင်းမှု အကြိမ်ကြိမ်ပြုလုပ်ပြီး တောင်သူတွေရဲ့ လိုအပ်ချက်တွေ ကူညီဆောင် ရွက်ကြဖို့"ဟူ၍ လမ်းညွှန်မှာကြားခဲ့ရာ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်များနှင့်အညီ သမဝါယမ ကဏ္ဍမှ လက်တွေ့ကျကျဖော်ဆောင်လျက်ရှိနေသည်ဟု ကြားသိရ၍ ဝမ်းသာဂုဏ်ယူမိပါသည်။

            ဝန်ကြီးဌာန၏ကြီးကြပ်ဆောင်ရွက်မှုဖြင့် သမဝါယမအသင်းများ၏ ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့မှု ကြောင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပဲတီစိမ်းစိုက်ပျိုး ထုတ်လုပ်မှုစီမံကိန်း၊ နွေစပါးစိုက်ပျိုးထုတ်လုပ်မှုစီမံကိန်းနှင့် မိုးစပါးစိုက်ပျိုးထုတ်လုပ်မှုစီမံကိန်းတို့ တွင် တောင်သူများလိုအပ်သည့် သွင်းအားစုများအား ပံ့ပိုးဆောင်ရွက်ပေးနိုင်ခဲ့ခြင်းကြောင့် သီးနှံများ ထွက်ရှိမှုအနေဖြင့် ယခင်နှစ်ထက် (၁) ဧကအထွက်နှုန်း ပိုမိုထွက်ရှိကြသည်ကို တောင်သူများလက်တွေ့ ရရှိနေကြပြီဟုကြားသိရ၍ ကျေးလက်နေတောင်သူများ ဝင်ငွေတိုး၍ရရှိနေကြပြီးဖြစ်ပေသည်။

အမှန်တကယ် ကြိုးစားလုပ်ကိုင်ပါက အမှန်တကယ်ဝင်ငွေများ ပိုမိုရရှိနိုင်မည်ဖြစ်သည့် လယ်ယာကဏ္ဍဖွံ့ဖြိုးရေးမှာ သမဝါယမအသင်းများက ဝိုင်းဝန်းပေါင်းစပ်ကူညီ ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နေတောင်သူများ လက်ငင်းအကျိုးခံစားနေရသည်ကို တွေ့မြင်နေရပြီဖြစ်ပါသည်။ ဆက်စပ်ဌာနများနှင့် အနီးကပ်ချိတ်ဆက်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် တောင်သူများ စိုက်ပျိုး ထွက်ရှိလာသောသီးနှံများကို ဈေးကွက်ရရှိအောင် ဆောင်ရွက်ပေးခြင်းဖြင့် အလှပေါ်အယဉ်ဆင့် ဆိုသလို အထွက်နှုန်းလည်းတိုး၊ ဈေးကောင်းလည်းရ၍ ယင်းတို့၏ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုး တိုးတက်လာနိုင်တော့မည်ဟု ယုံကြည်နေမိပါသည်။

          အချုပ်အားဖြင့်ဆိုရလျှင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (ပြည်ထောင်စု/တိုင်းဒေသကြီး၊ ပြည်နယ်) သမဝါယမအသင်းပိုင်ငွေကြေး၊ နိုင်ငံတော်ဘတ်ဂျက် ခွင့်ပြုငွေတို့ဖြင့် သမဝါယမအသင်း သားတောင်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကိုတိုးချဲ့ဆောင်ရွက်နိုင်ရန် သမဝါယမ ဦးစီးဌာနနှင့် သမဝါယမအသင်းအဆင့်ဆင့်တို့က လက်တွဲညီညီ စည်းလုံးညီညွတ်စွာ ပူးပေါင်း ဆောင်ရွက်ကြခြင်း၊ ဝန်ကြီးဌာနအောက်ရှိ ဆက်စပ်ဦးစီးဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းတို့ ဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတွင် အထောက်အကူပြုမည်ဖြစ်ခြင်း၊ ပြည်သူများစာရေး ရိက္ခာလုံလောက်စွာ ရရှိမည်ဖြစ်ခြင်း၊ ပို့ကုန်ပိုမိုတင်ပို့နိုင်၍ နိုင်ငံခြားဝင်ငွေတိုးမြင့်ရရှိလာနိုင်မည် ဖြစ်ခြင်းတို့ကို ဖော်ဆောင်နေခြင်းနှင့်အတူ သီးနှံများပိုမိုထွက်ရှိ၍ တောင်သူများအားလုံး ဝင်ငွေကိုယ်စီ ပိုမိုရရှိလာကြကာ ကျေးလက်စီးပွား တိုးတက်တောင့်တင်း ခိုင်မာလာခြင်းမှသည် နိုင်ငံစီးပွား မြင့်မားရေးကို သမဝါယမကဏ္ဍမှ ပိုမိုဆောင်ကြဉ်းပေးနိုင်မည်ဟု ယုံကြည်နေမိပါကြောင်း ရေးသား လိုက်ရပါသည်။                                                                       

 

K ဇင်သစ်

(မန်းတက္ကသိုလ်)

ကျမ်းကိုး။ သမဝါယမဦးစီးဌာန၏စာရင်းအချက်အလက်များ


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm